-
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE -
ရွှေပဒုမ္မာ-ပရဟိတ
DESCRIPTION GOES HERE
လူ့ပြည်လောက လူ့ဘ၀ကား၊
အိုရ၊ နာရ သေရဦးမည်
မှန်ပေသည်တည့်။
သို့ပြီးတကား၊....
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည်
အခြေတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတိုးမြှင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချရ်ျ၊ အမျှဝေရာ၊ စေတီသာနှင့်
သစ္စာဥာဏ်ရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက် ၀င်းလျှက်ကျန်စေသတည်း။
ဆရာဇော်ဂျီ
သီတင်းကျွတ်လသည် မြန်မာလ ၁၂လတွင် သတ္တမမြောက် လဖြစ်ပြီး ရဟန်းသံဃာတော်တို့မိုးရာသီခိုအောင်းရာ ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ နက္ခတ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သံတူလ´ ဟု ရေးထိုးကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးပင်များ သန်စွမ်းစွ ထောင်မတ်သော လဟုလည်းကောင်း ဖွင့်ဆိုကြပါသည်။ မြန်မာတို့၏ ၁၂လ ရာသီပွဲတော်များတွင် သီတင်းကျွတ်လတွင် မီးထွန်းပွဲ ခေါ် ဆီမီးမြင်းမိုရ်ပွဲကို ကျင်းပကြပါသည်။ ဆီမီးမြင်းမိုရ်ပွဲကို ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကျင်းပခဲ့သည်ဟု ဆိုလျှင် ဆိုနိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်အနီး၌ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် သတ္တမမြောက်ဝါတွင်း သီတင်းသုံးရန်အတွက် တာဝတိံသာ နတ်ပြည်သို့ နှစ်လှမ်း သုံးဖ၀ါးဖြင့် ကြွတော်မူပါသည်။ နှစ်လှမ်းသုံးဖ၀ါးဖြစ်ပုံမှာ လူ့ပြည်တွင် ဖ၀ါးတစ်ဖက်ကို နင်းလျက် ယုဂန္ဓိုရ်တောင်ထိပ်သို့ နောက်ဖ၀ါးတစ်ဖက်ကို လှမ်းချလိုက်ပါသည်။ ယုဂန္ဓိုရ်တောင်ထိပ်တွင် ထိုဖ၀ါးကို ချနင်းလျက် နောက်ခြေတော်တစ်ဖက်ဖြင့် တာဝတိံသာ နတ်ပြည်သို့ လှမ်းကြွချနင်းလိုက်ပါသည်။ ဤသို့လျှင် ဖ၀ါးချတော်မူရာ သုံးနေရာနှင့် ခြေတော်နှစ်လှမ်း လှမ်းသည်ကို နှစ်လှမ်းသုံးဖ၀ါး ကြွတော်မူသည်ဟု ဆိုပါသည်။ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက် ၀ယ် နေမင်းကဲ့သို့ တင့်တယ်စွာ စံနေတော်မူလျက် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှုးထား၍ စကြ၀ဠာတိုက် တစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မ တရားတော်မြတ်ကို ဟောကြားတော်မူပါသည်။ ဤသည်ကို ရည်၍ - ``မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ´´ ဟု ရှေးဆရာမြတ်တို့ ပြောဆို ရေးသားကြပါသည်။ ၀ါတွင်းသုံးလတိုင် ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် သိကြားမင်းဖန်ဆင်း ပူဇော်သော ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းသုံးသွယ်တွင် သိကြားလက်ယာ ဗြဟ္မာလက်ဝဲ ထားလျက် အလယ် ပတ္တမြားစောင်းတန်းဖြင့် သင်္ကဿနဂိုရ်ပြည်သို့  ပြန်လည်ဆင်းသက်တော်မူသည်ဟု ဗုဒ္ဓဘာသာအဋ္ဌကထာစာပေများတွင် ဆိုကြပါသည်။ ထိုနေ့ညတွင် ဘုရားရှင်နှင့် သုံးလတိုင် ခွဲနေကြရသော ဒကာဒကာမတို့မှာ ဘုရားရှင် တာဝတိံသာ နတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာခြင်းကို မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများဖြင့် ပူဇော်ကြိုဆိုကြပါသည်။ ဤဖြစ်စဉ်ကို အကြောင်းပြုလျက် သီတင်းကျွတ် မီးထွန်းပွဲတော် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အဘိဓမ္မတရား ဟောကြားတော်မူခြင်းနှင့် စပ်၍ မှတ်သားရပြန်သည်မှာ - ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - အတွင်း ၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက် ၂။ ၀ိဘင်းကျမ်းကို (၁၂) ရက် ၃။ ဓာတုကထာကျမ်းကို (၆) ရက် ၄။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက် ၅။ ကထာဝတ္ထုကျမ်းကို (၈) ရက် ၆။ ယမိုက်ကျမ်းကို (၂၀) ရက် ၇။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက် ဟောတော်မူခဲ့ကြောင်း သိရှိရပါသည်။ ထိုအဘိဓမ္မာတရား ဒေသနာတော်ကို အတိဝိတ္ထာရ၊ အတိသင်္ခေပ၊ နာတိဝိတ္ထာရ နာတိသင်္ခေပဟူ၍ နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။ (၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း) ဤနည်းဖြင့် တာဝတိံသာနတ်ပြည်တွင် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူပါသည်။ မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တစ်ထိုင်တည်းဟောမှသာ တရားနာသူတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့၏ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်းတို့ကြောင့် ဤအဘိဓမ္မာအကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။ (၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း) ဤနည်းဖြင့် ပညာအရာတွင် ဘုရားရှင်မှလွဲ၍ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူး ရတော်မူသည့် အရှင်သာရိပုတ္တရာကို ဟောတော်မူပါသည်။ မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရပါသည်။ ဤကိစ္စများ ဆောင်ရွက်ရန်အတွက် နိမ္မိတ ရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး တာဝတိံသာတွင် အဘိဓမ္မတရားကို ဆက်လက်ဟောကြားစေလျက် ဘုရားရှင်ကမူ လူ့ပြည်သို့ ကြွတော်မူကာ မြောက်ကျွန်းတွင် ဆွမ်းခံဘုဉ်းပေး၍ ဟိမ၀န္တာစန္ဒကူးတော၌ နေ့အခါ နေတော်မူပါသည်။ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား ထိုနေရာတွင် လာရောက် တွေ့ဆုံ ဖူးမြော်လျက် ၀တ်ကြီးဝတ်ငယ် ပြုသည့်အခါ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။ (၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း) မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသော အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်လျှောက်ထား အစစ်ဆေးခံရာ မြတ်စွာဘုရားက လက်ခံအတည်ပြုတော်မူခဲ့ပါသည်။ ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ဘုရားဖြစ်ပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။ အခြားသော သုတ္တန် ၀ိနည်း တရားတော်များထက် သာလွန် ထူးမြတ်သည့် တရားဖြစ်သောကြောင့် အဘိဓမ္မတရားဟု ခေါ်သည်။ သာမန်ဥာဏ်ရှိသူများအတွက် အဘိဓမ္မာတရားသည် သမုဒ္ဒရာရေကို ခြင်ကောင်၏ နှုတ်သီးဖြင့် ထောက်သကဲ့သို့ မမီနိုင်အောင် နက်နဲလှသည်။ ဘုရားဖြစ်ခါစက ရတနာဃရ ရွှေအိမ်တော်ဝယ် အခြားသော တရားတော်များကို ဆင်ခြင်သည့်အခါ ထူးခြားမှုတစုံတရာ မဖြစ်ခဲ့ပေ။ အကောင်ကြီးသည့် ငါးကြီးများ ရေတိမ်တွင် ကူးခတ်ရသည့်အခါ မလွတ်မလပ်ဖြင့် ကျဉ်းကြပ်နေရာမှ သမုဒ္ဒရာ ရေနက်ရာသို့ ရောက်သည့်အခါ စိတ်တိုင်းကျ လွတ်လပ်စွာ ကူးလူးပျော်မြူးရသကဲ့သို့ အဘိဓမ္မာတရားကို ဆင်ခြင်သည့်အခါ နက်ရှိုင်းလှသည့် သဗ္ဗညုတ ဥာဏ်တော်ဖြင့် နက်နဲလှသည့် တရားကို စိတ်တိုင်းကျ ဆင်ခြင်လိုက်ရသည့်အတွက် စိတ်တော်မှာ ကြည်လင် ရွှင်လန်းတော်မူခဲ့ရသည်။ စိတ်တော်ကြည်သဖြင့် ကိုယ်ရေအဆင်းလဲ ကြည်လင်လာသည်။ ကိုယ်ရေအဆင်း ကြည်လင်လာရာမှ ကိုယ်တော်၏ နေရာစုံမှ ရောင်ခြည်တော်များ ကွန့်မြူးလာတော်မူခဲ့ရပါသည်။ ဤကဲ့သို့ ထူးမြတ်သည့် တရားတော်ကြီးကို တာဝတိံသာနတ်ပြည်တွင် ဟောတော်မူပြီးသည့်အဆုံး၌ လူ့ပြည်သို့ ပြန်လည်ကြွဆင်းတော်မူသည့်နေ့ကိုအကြောင်းပြု၍ အဘိဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဘုရားရှင်နှင့် အထူးမြတ်ဆုံး တရားကို ပူဇော်သည့်အနေဖြင့် ဆီမီးမြင်းမိုရ်ပွဲများ ကျင်းပပူဇော်ခဲ့ကြခြင်း ဖြစ်ပါသည်။ (ဖတ်ဖူး မှတ်ဖူးခဲ့သော ဘာသာရေးစာပေများကို ကိုးကားလျက် ပူဇော်ပါသည်။
**ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာ***
ဘုန်းကြီးတို့ မြန်မာပြည်မှာ အားလုံး ရှေးအခါကစပြီး ယခုအထိ အဲဒီလို သာသနာတော်ကို ကြည်ညိုမြတ်နိုးတဲ့ စိတ်ရှိလို့ ကိုယ့်သားကလေးမွေးလာရင် ရှင်ပြုပေးရမှ၊ သင်္ကန်းဝတ်ပေးရမှ ကျေနပ်ကြတယ်။ သင်္ကန်းမဝတ်ပေး ရသေးသမျှ တာဝန်ကျေတယ်လို့ မယူဆကြဘူး။ အဲဒီ သာသနာတော်အပေါ်မှာ မြတ်နိုးတဲ့စိတ်ကလေးဟာ အဲ...မိမိတို့ သာသနာကို ထွန်းကားဖို့အကြောင်း ကောင်းမြတ်တဲ့စိတ်ထားကောင်းလေး
ပဲ။
(ဦးဝါ
သေဋ္ဌာဘိဝံသ-အဘိဓဇမဟာရဋ္ဌဂုရု၊ ပုဇွန်တောင် ရွှေကျင်တိုက်သစ်)
အလှူကြီးတွေပေးပြီး ပျော်ကြရွှင်ကြ၊ ပွဲတွေလမ်းတွေနဲ့ ဒါ...ကုသိုလ်မဟုတ်ဘူး။ အလှူ့ဒကာကို ဝိုင်းမြှောက်ကြ၊ တီးကြ၊ မှုတ်ကြနဲ့၊ ဒါ...လောဘတွေပဲ။ ဒါ...မှားတာပဲ။ လမ်းမှားတာပဲ။ အခုလို ကုသိုလ်ပြုတဲ့နေရာမှာ တိတ်ဆိတ်ငြိမ်သက်နေမှ ကောင်းတယ်။ ဒါ့ကြောင့် ကုသိုလ်ပြုတဲ့နေရာမှာ စိတ်ကို ကြည်ကြည်လင်လင် နိဗ္ဗာန်မှန်းပြီး ကုသိုလ်ပြုတတ်အောင် လုပ်ပါ။
(မဟာဂန္ဓာရုံ အရှင်ဇနကာဘိဝံသ)
အလကားလူကို ဘယ်သူမှ အသုံးမချပ။ အသုံးကျတဲ့လူမှ အသုံးချာတပါ။ လူကောင်းတယ်၊ တော်တယ်ဆိုတာ အသုံးချလို့ရလို့ ကောင်းတာ တော်တာ။ အလကားလူဟာ အသုံးမကျဘူး။ ဘယ်သူမှ အသုံးမချပါ။ ယခု မျက်မှောက်လောကမှာ ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပါ။ ရှေ့တန်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပါ။ အလကားလူတွေ မဟုတ်ပါ။ အလကားလူကို ဘယ်သူမှ ရှေ့တန်းမတင်ပါ။ ရှေ့တန်းလည်း မရောက်ပါ။ ရောက်ရင်လည်း ခဏပါ။ အချိန်ကြာရင် အလကားလူဟာ အလကားပဲ ပြန်ဖြစ်သွားတာပါ။
(ဓမ္မဒူတ-အရှင်ပညာဇောတ)
သာသနာပြုဖို့ တာဝန်ကိုယ်စီရှိကြတယ်လို့ ဟောပြောနေသော်လည်း သာသနာဆိုတာ ဘာမှန်းမသိတဲ့သူတွေအနေနဲ့ သူများက သာသနာပြုလို့ အမည်ခံပြီး သာသနာနဲ့ ဆန့်ကျင်ဘက်လုပ်ငန်းတွေ လုပ်နေသော်လည်း ထိုသူများအဖို့ ထိုလုပ်ငန်းတွေကို ပြုလုပ်နေတာသည်ပင် သာသနာပြုပါလားလို့ စိတ်ထဲမှာ မှားယွင်းစွာ ထင်မြင်ယူဆသွားတတ်ပါသည်။
(ဓမ္မဒူတ-အရှင်ဣန္ဒာဝုဓ)
ကိုယ်ကျိုးပဲဖြစ်ဖြစ်၊ သူများအကျိုး သည်ပိုးရာမှာပဲ ဖြစ်ဖြစ် ဟန်ဆောင်ပန်ဆောင် လူအထင်ကြီးအောင် မဟုတ်ဘဲ စိတ်ပါလက်ပါ တက်တက်ကြွကြွ၊ သဲသဲမဲမဲ ဇွဲနပဲဖြင့်လုပ်ပါ။ လုပ်တဲ့အလုပ် အောင်မြင်မည်။ အောင်မြင်လျှင် ဆီလိုအပေါက်ရှာသူတွေ ဟာကွက်ကို ထောက်ပြစရာ မတွေ့နိုင်တော့ပေ။ အများအကျိုးဆောင်သူအဖို့ လုံခြုံမှု တနည်းတလမ်း ရသွားပြီ။
(မဟာသဇ္ဇနောဒယ ဆရာတော်-စစ်ကိုင်းတောင်ရိုး)
မြတ်ဗုဒ္ဓသည် ကမ္ဘာ့ဘာသာရေးသမိုင်းတွင် အဦးဆုံးသော သာသနာပြုပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ခရစ်တော်သည် မြတ်ဗုဒ္ဓ၏နောက် နှစ်(၆၀၀)ခန့် နောက်ကျပြီး မိုဟာမက်သည် နှစ်ပေါင်းတထောင်ကျော်
နောက်ကျပါသည်။ ခရစ်တော်နှင့် မိုဟာမက်တို့သည်လည်း ခရီးလှည့်သာသနာပြု ပုဂ္ဂိုလ်များပင်ဖြစ် ဖြစ်သည်။ သို့သော် သာသနာနှင့် သာသနာပြုနည်းတို့ကား မြတ်ဗုဒ္ဓ၏နည်းများနှင့် ခြားနားလှပေသည်။ မြတ်ဗုဒ္ဓကား ဓမ္မကိုဟောသည်။ အခြားဘာသာရေး ခေါင်းဆောင်တို့က ယုံကြည်ဖို့၊ ဆုတောင်းဖို့ ဟောသည်။ မည်သူမဆို မည်သည့်ယုံကြည်ချက်၊ မည်သည့်ကိုးကွယ်မှုပဲရှိရှိ ဓမ္မကိုသင်ခြင်း၊ ကျင့်ခြင်း၊ သိမြင်ခြင်းဖြင့် ဘဝအဆင့်မြင့်စေလိုခြင်းမှာ မြတ်ဗုဒ္ဓ၏အလိုတော်ဖြစ်သည်။
(သီတဂူဆရာတော် ဦးဉာဏိဿရ)
ကိုယ့်ဗုဒ္ဓဘာသာအကြောင်းကိုမှ ကိုယ်နားမလည်ရင် ဗုဒ္ဓဘာသာခံယူကျင့်သုံးမှု မခိုင်မြဲဘူး။ ယောင်ဝါးဝါး ဗုဒ္ဓဘာသာမျှပါပဲ။ သူများတွေက မေးမြန်းလိုက်ရင် ကိုယ့်ဗုဒ္ဓဘာသာအကြောင်းကို မဖြေနိုင်ကြဘူး။ တချို့ ဘာသာခြားဘက် ပါသွားနိုင်သေးတယ်။ ခင်ဗျားတို့ ဗုဒ္ဓဘာသာတွေလည်း ဆုတောင်းတာပဲ၊ အခြားဘာသာတွေလည်း ဆုတောင်းတာပဲ၊ အတူတူပါပဲလို့ ပြောလိုက်ရင် ကိုယ့်ဗုဒ္ဓဘာသာအကြောင်း ကိုယ်ကိုယ်တိုင် လေးလေးနက်နက် သိမထားတော့ ဟုတ်ပါတယ်ဗျာ၊ ဆုတောင်းရတာချည်းပဲလို့ ထင်သွားရင် မှားမယ်။ အခြားဘာသာဝင်တွေ ထာဝရဘုရားထံ ဆုတောင်းတယ်။ ပရေး(Pray) လုပ်တယ်ဆိုတာက လူကြီးမိဘထံ ကလေးက မုန့်တောင်းသလို တောင်းနေတာပါ။
(အရှင်သီလာနန္ဒာဘိဝံသ-ဟတ်မွန်းဘေး အမေရိကန်နိုင်ငံ)
အလှူဒါနတွေ များနေလို့ သာသနာတော်ကြီး အချောင်သမားတွေ ဝင်လာကြတယ်။ တချို့ကြတော့ ယီးတီးယားတားနဲ့ ဝင်လာကြတယ်။ မြန်မာတွေက အလှူဒါန ရက်ရောလွန်းအားကြီးတယ်။ ဒါကြောင့် မတိုးတက်ဘဲ အချောင်သမားတွေ ပေါလာတယ်။ သင်္ကန်းလည်း မရှားဘူး၊ ကျောင်းလည်း မရှားဘူး၊ ဘုရားလက်ထက်က သင်္ကန်းရှားလို့ သိက္ခာပုဒ် ပညတ်ရတယ်။ တနေ့ကလည်း လူတယောက် ခေါင်းညှပ်ဆိုင်ဝင်ပြီး ခေါင်းတုံးရိပ်ပြီး အဲဒီအနားမှာပဲ သင်္ကန်းဝတ်လိုက်သတဲ့၊ အချောင်သမားတွေ များကုန်ပြီ။
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော်)
ဂုဏ်ကျက်သရေတက်အောင်လည်း သူများက လုပ်မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်ရတယ်။ ဂုဏ်ကျက်သရေယုတ်အောင်လည်း သူများလုပ်တာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်တယ်။ အဲဒါကြောင့် အားလုံး ကိုယ့်ဂုဏ်ကျက်သရေ သူများလုပ်ပေးလို့မရဘူး။ ကိုယ့်ဟာကိုယ် ကြိုးစားကြဖို့။ ကိုယ့်ဂုဏ်ပျက်အောင်လည်း သူများက ကိုယ့်ဂုဏ်ဖျက်တယ်လို့ မအောက်မေ့နဲ့။ သြော်...တို့များ အမှားအယွင်းရှိခဲ့လို့ တို့ဂုဏ်သိက္ခာကျတယ်လို့ အဲဒီလို တွက်ကြည့်။ အဲဒီတွက်ချက်မှုဟာ အမှန်ပဲ။
(သီတဂူဆရာတော် ဦးဉာဏိဿရ)
ဘုရားသာသနာတော်အတွင်းမှာ လူဖြစ်ပါလျက် ဝိပဿနာကုသိုလ်မှ ရ,မသွားဘူးဆိုရင် သာသနာတော်နှင့် တွေ့ရကျိုးမနပ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါန၊ သီလ၊ သမထ ကုသိုလ်ဆိုတာတွေက သာသနာပမှာလည်း ရှိတယ်။ ဝိပဿနာကတော့ သာသနာပမှာ မရှိဘူး။ ဒါကြောင့်ပါပဲ။
(မဟာစည်ဆရာတော်)
လူ-လူ့စည်းကမ်းနဲ့၊
ရဟန်း-ရဟန်းစည်းကမ်းနဲ့
သူ့စည်းကမ်းနဲ့သူ ရှိကြပါစေ။
အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ တဲ့။
စည်းကမ်းမရှိတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ်၊ ပရမ်းပတာကြီးပဲ။ သူတို့ကို ကြည့်ရတာ တယ်သမာဓိမရှိဘူး။
(စစ်ကိုင်း ရွှေဟင်္သာဆရာတော်)
ကောင်းကင်ကို ဈာန်တန်ခိုးဖြင့် နိုင်၏။
သမုဒ္ဒရာကို လှေသင်္ဘောဖြင့် နိုင်၏။
အမိုက်မှောင်ကို ဆီမီးဖြင့် နိုင်၏။
မသူတော်ကို အဘယ်နည်းဖြင့် နိုင်မည်နည်း။
ငရဲကြီးရှစ်ထပ်ကို ကမ္ဘာဖျက်မီး ကျွမ်းစေ၏။
မြေကြီးအထုကို ကမ္ဘာဖျက်ရေ ကြေမွစေ၏။
မြင့်မိုရ်တောင်ကို ကမ္ဘာဖျက်လေ လွင့်စေ၏။
မသူတော်ကို ဘယ်သူ ဘယ်သို့ဖြစ်စေနိုင်သနည်း။
မသူတော်ကို အမှီပြုလျှင် မသူတော်သာ ဖြစ်သည်။
ကျား၏သား သမင်မဖြစ်။
(ပထမရွှေကျင်ဆရာတော်-မင်းတုန်းမင်းလက်ထက်)
စာပေတွေ ဖတ်တယ်ဆိုတဲ့နေရာမှာလည်း အဲဒီထဲက မှတ်သားစရာ၊ လိုက်နာစရာပါလာရင် ချက်ချင်းရေးမှတ်၊ ကိုယ်တိုင်ကျင့်သောအားဖြင့် အသုံးချ။ သူများတွေကိုလည်း ကြုံလာရင် ကိုယ်ကျင့်သလိုပြန်ပြပေး။ အဲဒီလိုလုပ်မယ်ဆိုရင် တနှစ်ထက်တနှစ် ပိုတော်လာမယ်။
(ဓမ္မဒူတ-အရှင်ပညာဇောတ)
ကူးစက်တဲ့ရောဂါ၊ နူနာရောဂါတို့ စွဲကပ်နေတဲ့လူ အနီးအပါးကို မကပ်ချင်ကြသလိုပဲ ဒေါသဖြစ်နေတဲ့သူ၊
ဒေါသကြီးတဲ့သူရဲ့ အနီးအပါးလည်း မကပ်ချင်ကြဘူး။
(မဟာစည်ဆရာတော်)
ကိုယ့်အပေါ် မမှန်မကန်ပြောချင်ပြောပါစေ၊ စွပ်စွဲကဲ့ရဲ့တယ်ဆိုတာ အခုမှဖြစ်ပေါ်လာတဲ့ အောက်တန်းစား အလုပ်မဟုတ်ဘူး။ ဘုရားရှင်လက်ထက်မှာကတည်းက ရှိနှင့်နေခဲ့တာပဲ။ သူများအပေါ် မဟုတ်တမ်းတရမ်းတွေ ပြောဆိုတတ်တဲ့သူတွေမှာ
သေချာလေ့လာကြည့်လိုက်ပါ။ ဘယ်မှာကျက်သရေရှိလို့လဲ။ မျက်နှာမြင်ရုံနဲ့ ကြည့်တတ်ရင် သိတယ်ဆိုတာ အဖြေက အရှင်းကြီးပါပဲ။ ဦးပဉ္ဇင်းကတော့ ကြုံတိုင်းပြောမိတယ်။ မေတ္တာကလေး နာနာဖိပြီးပို့ပါ။ မေတ္တာတရားဟာ အကောင်းဆုံးတုံ့ပြန်နည်းဖြစ်တယ်။
လူ,လူချင်း၊ ဘုန်းကြီး,ဘုန်းကြီးချင်းလည်း အခန့်မသင့်ရင် ဆန့်ကျင်ပုတ်ခတ် ပြောဆိုတတ်ကြတာပါ။ ကိုယ့်ဘက်ကသာ မူမှန်မှန်နေပြီး မေတ္တာတရား ပွားများပေးဖို့သာလိုအပ်တယ်။ ဦးပဉ္ဇင်းတို့ဝါဒကတော့ ပေးမယ်၊ မေတ္တာပေးမယ်၊ လိုချင်သူကို ပေးလိုက်ပါ။ ကဲ့ရဲ့ချင်သူကိုလည်း မေတ္တာဓာတ်ပို့လိုက်ပါ။
(ဦးအာစိဏ္ဏ ဆေးကျောင်း တမ္ပဝတီဆင်တဲတိုက် မန္တလေး)
ရေလိုအေး၍ ပန်းလိုမွှေးပါစေ

နွေရာသီ။
အိမ်မှာ လူစုံသည်။ မောင်နှမတွေ ပြန်ဆုံဖြစ်ကြသည်။ အားလုံးက အိမ်ထောင်ရှင်တွေ ဖြစ်နေကြတော့ သူတို့မှာလည်း သားတွေ သမီးတွေနဲ့။ တစ်အိမ်လုံး ကလေးကစားကွင်း ဖြစ်နေသည်။ အမေကတော့ သူ့မြေးတွေကို ကြည့်ပြီး ပျော်နေသည်။ သူ့သားသမီးတွေကို ကြည့်ပြီး ကြည်နူးသည်။ သားတွေ၊ သမီးတွေ၊ မြေးတွေအတွက် ထမင်းဟင်း ချက်ကျွေးရသည်ကိုပင် မမောနိုင်ပါ။ ပို၍တောင် ကျန်းမာနေလိုက်သေးသည်။
အမေ၏ မြေးများသည် အသက် သိပ်မကွာကြ။ တစ်ယောက်နှင့် တစ်ယောက် ကြီးလှ ငယ်လှမှ တစ်နှစ်သာသာပေါ့။ ဒီတော့ ဆော့ရင်းစကားများကြသည်။ ရန်ဖြစ်ကြသည်။ ငိုကြသည်။ ပြန်ခေါ်ကြသည်။ ထိုကြောင့် နွေရာသီသည် ကျွန်တော်တို့ မိသားစုအတွက် အလွန်ပျော်စရာကောင်းပါသည်။
အမေက ညရောက်လျှင် သူ၏မြေးများကို ပုံပြင်ပြောပြလေ့ရှိသည်။ အမေ၏ ပုံပြင်များသည် ခေတ်မမီတော့ပါ။ သို့သော် အမေက ပြောသည်။ မြေးငယ်များက တစ်ယောက်တစ်ပေါက် မေးသည်။
အမေက ယုန်နှင့် လိပ်ပုံပြင်ကို ပြောသည်။
"ဘွားဘွားကြီး၊ ယုန်က အအိပ်ကြီးတာကို ဘွားဘွားကြီး ဘယ်လိုလုပ်သိတုန်း"
"ပုံပြင်ထဲမှာ ပါတာပဲကွဲ့ "
"သားထင်တာကတော့ ယုန်က အအိပ်ကြီးလို့ ရှုံးတာ မဖြစ်နိုင်ဘူး၊ လိပ်ယောင် ဆောင်ထားတဲ့ ယုန်တစ်ကောင်က ၀င်ပြီး ပြိုင်လို့ နေမှာပေါ့။ ဘွားဘွားကြီး ဘာသိလို့လဲ၊ အဲဒီလို လိမ်ပြီး အနိုင်ယူတာတွေ အများကြီးပဲ ဘွားဘွားရဲ့"
ပုရွက်ဆိတ်နှင့် နှံကောင်ပုံပြင်ကို ပြောပြန်လေသည်။
"နှံကောင်တို့၊ ပုရွက်ဆိတ်တို့မှာ လူလို အသိဥာဏ်ရှိလို့လား ဘွားဘွားရဲ့"
"ရှိတာပေါ့ သားရဲ့၊ နှံကောင်မှာလည်း နှံကောင်ဥာဏ်၊ ပုရွက်ဆိတ်မှာလည်း ပုရွက်ဆိတ်ဥာဏ် ပေါ့"
"ဒါဆိုရင် သားက ပုရွက်ဆိတ်ကို မုန်းတယ်"
"ဘာလို့လဲ သားရဲ့၊ ပုရွက်ဆိတ်က ၀ီရိယ ရှိတယ်လေ"
"ဟုတ်ဖူး ဘွားဘွားရဲ့၊ ပုရွက်ဆိတ်က သူခိုးပဲ။ လူတွေရဲ့ ဆန်တွေ၊ အစားအစာတွေကို ခွင့်မပြုဘဲ ယူတယ်။ ခိုးတယ် ။ နှံကောင်က မခိုးဘူး။ မယူဘူး။ ဘွားဘွားက သူခိုးပုရွက်ဆိတ်ကို သဘောကျတယ်ပေါ့၊ သားကတော့ သူခိုးပုရွက်ဆိတ်ကို မကြိုက်ဘူး"
အမေ၏ မြေးများက အဲဒီလို ပေါက်ပေါက်ရှာရှာ ပြောတတ်ကြသည်။ ဒီနေ့ ခေတ်လူငယ်တွေကိုး။ တချို့ကလေးများက် အတွေးကောင်းသည်။ တချို့က အတွေးရဲသည်။ ဖြန့်တွေးတတ်သည်။ ဖောက်ထွက်တွေးတတ်သည်။
ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်တဲ့ အဖိုးအို ပုံပြင်ကို ပြောပြန်လေသည်။
"ဘွားဘွားကြီး၊ ဆန်ဖွပ်တဲ့ အဘိုးအိုက ဘာလူမျိုးလဲ"
"ဘွားဘွားလည်း ဘယ်သိမလဲ မြေးရဲ့"
"ဘာလူမျိုးမှန်းလည်း မသိဘဲနဲ့ ဘွားဘွားက ဘယ်လိုလုပ်ပြီး သူ့စကားနားလည်တာတုံး"
ဘွားဘွားကြီးက သူ့မြေးတွေ မေးသမျှကို မဖြေနိုင်။ သူ့မြေးတေါက ရေဒီယို၊ ကက်ဆက်ဖြင့် ကြီးပြင်းခဲ့သူများမဟုတ်။ တီဗွီဂိမ်းဖြင့် ကြီးပြင်းနေသူများ၊ လက်တော့ပ်ဖြင့် ယဉ်ပါးနေသူများ၊ အိုင်ပက်ပ်ဖြင့် ဆော့ကစားနေသူများ ဖြစ်သည်။ ခေတ်ချင်းမတူ။ အမြင်ချင်းလည်းမတူကြ။ သို့သော် ကျွန်တော့်အမေ၊ သူတို့ ဘွားဘွားကြီးက သူ၏မြေးများနှင့် စကားပြောနေရသည်ကို ကျေနပ်နေရှာသည်။
တစ်ယောက်ကမေးသည်။ "လပေါ်မှာ လေမရှိဘဲ အဲဒီအဖိုးအို က ဘယ်လိုလုပ်ပြီး အသက်ရှင်လဲ ဘွားဘွား"
နောက်တစ်ယောက်ကမေးသည်။ "လပေါ်က အဖိုးအိုက ဆန်ဖွပ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ လပေါ်မှာ ရေမှ မရှိဘဲ။ဆန်တကယ်ဖွပ်တယ်ဆိုရင် လပေါ်မှာ ရေရှိလို့လား။ ဆည်တွေ၊ မြစ်တွေ၊ ချောင်းတွေကော ရှိလို့လား ဘွားဘွား"
ဘွားဘွားကြီးက သူ့မြေးတွေပြောသမျှကို စိတ်မဆိုးတမ်း သူနားလည်သလိုဖြေပေးရှာသ်ည။
"လပေါ်ရောက်နေတဲ့ အဖိုးအိုက ဧည့်စာရင်းတိုင်ရသလား ဘွားဘွားရယ်၊ သားတို့ အခု လာပြီးလည်တာ ဧည့်စာရင်းတိုင်ရတယ်လေ"
အဲလိုတောက်တီးတောက်တဲ့ မေးတတ်တဲ့ မြေးလည်းပါသည်။
"ဘွားဘွားကြီးရယ်၊ ယုန်က ဆန်ကိုလည်း မစားဘဲနဲ့၊ ဆန်ဖွပ်တဲ့ အဖိုးအိုနားမှာ ဘာဖြစ်လို့ ငုတ်တုတ်ထိုင်နေရတာလဲ။ ခါကြက်ဥတို့၊ မုန်လာဥတို့ ဆိုရင်လည်း ဟုတ်ဦးမယ်။ဘွားဘွားကြီး ပုံပြင်ကြီးက မဖြစ်နိုင်ပါဘူး" အမေတို့ မြေးအဘွား ပျော်ရွှင်နေတာကို ကြည့်ပြီး ကျွန်တော့ စိတ်ထဲတွင် ကြည်နူးနေမိသည်။
တစ်နေ့က သူ၏မြေးများကို ရာဇ၀င်အကြောင်း ပြောနေပြန်သည်။
"သီပေါမင်းဆိုတာကို မြေးတို့ကြားဖူးလား။ သူက ငါတို့ရဲ့ နောက်ဆုံးဘုရင်ဟဲ့။ သူက စာမဖတ်ဘူး။ ဗဟုသုတ လည်းတယ်။ အသက်ငယ်ငယ်နဲ့ ဘုရင်ဖြစ်တော့ ဆုံးဖြတ်ချက် မှားတယ်"
"ဘုရင်ဆိုတာ ဘာလဲ ဘွားဘွား"
"ဘုရင်ဆို တာ ဘုရင်ပေါ့ကွယ်။ လူတွေရဲ့ ခေါင်းဆောင်ပေါ့။ သူ့ စကားကို နားထောင်ရတယ်"
တစ်ယောက်ကမေးသည်။
"ခေါင်းဆောင်ဆိုတာ လူတွေရဲ့ စကားကို နားထောင်ရတာလား၊ လူတွေက သူ့ စကားကို နားထောင်ရတာလား"
သူ့မြေး၏ မေးခွန်းကို ဘွားဘွားကြီး ဘာမှ ပြန်မဖြေပါ။ တစ်ယောက်ကမေးပြန်သည်။
"ဘုရင်ဆိုတာ လူတွေရဲ့ ခေါင်းဆောင်ဆိုရင် သူရဲကောင်းတွေ၊ အာဇာနည်တွေကတော့ လူတွေရဲ့ ခေါင်းဆောင်လား ဘွားဘွား"
ဒီနေ့ ခေတ်ကလေးများသည် တွေးရဲသည်။ မေးရဲသည်။ ရဲဝံ့သည်။ ရင်ထဲရှိတာကို ပြောရဲသည်။
နောက်တစ်ယောက်က မေးပြန်လေသည်။ "ဘုရင်ဆိုတာ သူရဲကောင်းလား ဘွားဘွား"
"ဘုရင်တိုင်းတော့ သူရဲကောင်းမဟုတ်ခဲ့ဘူးကွဲ့ ၊ တချို့ ဘုရင်တွေကတော့ သူရဲကောင်းပေါ့"
"ဒါဆိုရင် သီပေါမင်းက ဘုရင်ဆိုတော့ သူရဲကောင်းဘုရင်လား ဘွားဘွား"
"သူရဲကောင်းလည်း မဖြစ်ခဲ့ဘူးး။ အာဇာနည်လည်း မဖြစ်ခဲ့ဘူး၊ "
ထိုအချိန်တွင် ကိုးတန်းတက်မည့် မြေးအကြီးကောင်က ၀င်ပြီးပြောလေသည်။
"ဘွားဘွားကြီး သားတို့ကျောင်းသင်ခန်းစာမှာ သီပေါမင်းအကြောင်းပါတယ်၊ သီပေါမင်းက သတ္တိမရှိဘူး ဘွားဘွားရဲ့။ သူ့ ကိုလာပြီးဖမ်းတဲ့ "ကာနယ်စလေဒင်" ဆိုတဲ့ အင်္ဂလိပ်စစ်ဗိုလ်ကို သားဆိုရင် ဓါးနဲ့ ခုတ်ပစ်မှာ"
တစ်ယောက်က ၀င်ပြီးပြောသည်။
"ဟိတ်ကောင်၊ မင်းက ဓါးနဲ့ ခုတ်ရင် သူက သေနတ်နဲ့ ပစ်မှာပေါ့ကွ"
"ဟာ… မင်းကလည်း၊ သီပေါမင်းက ကာနယ်စလေဒင် ကို ဓါးနဲ့ ခုတ်လို့ ကာနယ်စလေဒင် သေသွားခဲ့ရင် သီပေါမင်းက ငါတို့ရဲ့ သူရဲကောင်းဖြစ်ပြီကွ။ အဲဒီလို မဟုတ်ဘဲ ကာနယ်စလေဒင် သေသွားခဲ့ရင် သီပေါမင်းက ငါတို့ရဲ့ သူရဲကောင်းဖြစ်ပြီကွ။ အဲဒီလိုမဟုတ်ဘဲ ကာနယ်စလေဒင် က သီပေါမင်းကို သေနတ်နဲ့ ပစ်လို့ သီပေါမင်း သေသွားခဲ့ရင်လည်း သီပေါမင်းဟာ ငါတို့ရဲ့ အာဇာနည်ကွ"
အမေတို့ မြေးအဘွားတစ်သိုက် သီပေါမင်းအကြောင်း ပြောနေသည်ကို အဝေးမှ ကြည့်ရင်း နားထောင်နေပြီး ကျေနပ်နေမိသည်၊
"အေးကွဲ့ ၊ မြေးပြောသလိုဆိုရင် သီပေါမင်းက သူရဲကောာင်း ဖြစ်ခွင့် လည်း ကြုံတယ်၊ အာဇာနည်ဖြစ်ခွင့် လည်း ကြုံတယ်၊ သူမသိခဲ့ဘူး ။ သူအသုံးမချခဲ့ဘူးး"
"သူရဲကောင်းဆိုတာ ဘာလဲ ဘွားဘွား"
"သူရဲကောင်းဆိုတာ လူအများအတွက် ရဲဝံ့သူ၊ လူအများကောင်းစားရေးအတွက် အလုပ်လုပ်သူကို ခေါ်တယ်ကွဲံ"
"ဒါဆိုရင် သီပေါမင်းက ကျွန်တော်တို့ ကောင်းစားရေးအတွက် အလုပ်မလုပ်ခဲ့ ဘူးပေါ့"
မြေးငယ်တစ်ယောက်က မေးပြန်သည်။
"အာဇာနည် ဆိုတာ ဘာလဲ ဘွားဘွား"
"အာဇာနည်ဆိုတာ အများအတွက် ကိုယ်ကျိုးမဖက်ဘဲ အသက်စွန့် ၀ံ့တဲ့ သူကို ခေါ်တာ"
"သီပေါမင်းက ဘာဖြစ်လို့ အသက်မစွန့် ၀ံ့တာလဲ ဘွားဘွား"
ဘွားဘွားကြီးက မဖြေ။ မြေးအကြီးကောင် တစ်ယောက်က ဖြေသည်။
"ဟိတ်ကောင်ရ၊ မင်းမှတ်ထား၊ အများအတွက် မစဉ်းစားလို့ပေါ့ကွ၊ ကိုယ့်အတွက် စဉ်းစားတဲ့ သူက အသေမခံရဲဘူး၊ အများအတွက် စဉ်းစားတဲ့ သူတွေက အသေခံရဲတယ်"
သူ့မြေးအကြီးကောင်၏ အဖြေကို သူ့အဘွားက တအံ့တသြဖြင့် နားထောင်နေရှာသည်။
"ဘွားဘွားကြီး၊ သီပေါမင်း ပါတော်မူတယ်ဆိုတာ ဘာလဲဗျ"
"ပါတော်မူတယ်ဆိုတာ အပေါ့အပါးသွားတာမဟုတ်ဘူး၊ အိမ်သာတက်တာ မဟုတ်ဘူး၊ အင်္ဂလိပ်ဖမ်းသွားတာကို ပြောတာ"
"ဘယ်လမ်းက ဖမ်းသွားတာလဲ ဘွားဘွားရဲ့"
"၃၅လမ်းပေါ့ဟယ်၊ ဟိုးအနောက် ဂေါဝန်မြစ်ဆိပ်ကို ဖမ်းသွားတယ်""
"ဘာလို့ မန္တလေးသူ၊ မ န္တလေးသားတွေက ဘုရင်ကို ပြန်ပြီး မလုတာလဲ"
ရန်ကုန်မှာမွေးတဲ့ ရန်ကုန်က မြေးငယ်တစ်ယေ.ာက်က ၀င်ပြီးပြောသည်။
"မန္တလေးသားတွေက ငကြောက်တွေ၊ ၀င်ပြီးလုရင် ရရဲ့သားနဲ့ အလကားကြောက်နေကြတယ်"
"မြေးရဲ့ ၊ ဒီလိုလည်း မပြောရဘူးး၊ မန္တလေးသူ၊ မန္တလေးသားတွေက သတ္တိရှိတယ်။ မြန်မာပဲဟယ်…သတ္တိဘယ်နည်းမလဲ၊ "
ရန်ကုန်သား မြေးငယ်တစ်ယေ.ာက်က ၀င်ပြီးပြောပြန်သည်။
"မန္တလေးးသားတွေ သတ္တိနည်းရင် နည်းတယ်ပေါ့ ဘွားဘွားရယ်"
"ဒီလို မပြောရဘူး၊ ဒီလိုမတွေးရဘူး မြေးရဲ့၊ အဲဒီအချိန်တုန်းက သီပေါကိုယ်တော်လေး၇ဲ့ လုပ်ရပ်တွေကြောင့် တိုင်းသူပြည်သားတွေက ဘုရင်ကို အလိုမကျဘူး၊ မုန်းနေကြတယ်။ ဘုရင်က မောင်နှမတွေကို သတ်တယ်လို့ နန်းတော်အပြင်မှာ လူအများက ပြောနေကြတယ်။ သတ်လိုက်တာလည်း အများကြီးဘဲ၊ မင်းတုန်းမင်းကြီးမှာ သားသမီးတွေ အများကြီးရှိတာကိုး၊ အဲဒါတွေ အားလုံးကို သတ်ပစ်လိုက်တာတဲ့။ တချို့လည်း ကြောက်လို့ ထွက်ပြေးတယ်တဲ့။ ညီအစ်ကို အချင်းချင်းသတ်ကြတာ၊ တကယ်ရက်စက်တယ်။ အဲဒီလို ရက်စက်တဲ့ ဘုရင်ကို လူတွေက မချစ်ကြဘူး၊ ပြည်သူလူထု အကျိုးကို မကြည့်ဘဲ ကိုယ်ဘုရင်ဖြစ်ရေးကိုသာေ၇ှ့တန်းတင်တဲ့ အတွက် သီပေါမင်းကို မန္တလေးသူ၊ မန္တလေးသားတွေက အေးအေးဆေးဆေးပဲ ကြည့်နေလိုက်ကြတယ်လို့ ဘွားဘွားထင်တယ်။ သီပေါကိုယ်တော်လေးနေရာမှာ ညောင်၇မ်းကိုယ်တော်တို့၊ ညောင်အုပ်ကိုယ်တော်တို့ ဆိုရင်တော့ ဘယ်ပြောကောင်းမလဲကွယ်။ သူတို့ကို ပြည်သူတွေက ချစ်တယ်။ မန္တလေးသူ၊ မန္တလေးသားတွေက ချစ်တယ်၊ အားကိုးတယ်၊ သူတို့ ဆိုရင်တော့ အသက်ပေးပြီး ကို လုမှာ သေချာတယ်။
ပြည်သူပြည်သားဆိုတာ ကိုယ်ချစ်တဲ့ ခေါင်းဆောင်အတွက် အသက်ပေးဖို့လည်း ၀န်မလေးကြဘူး၊ ကိုယ်လိုလားတဲ့ ခေါင်းဆောင်အတွက် ဘာလုပ်ပေးရ၊ပေးရ ဆိုတဲ့ စိတ်ဓါတ်ည်းရှိကြတယ်။ လူဆိုတာ ကိုယ်မနှစ်သက်တဲ့၊ ကိုယ်မကြည်ဖြူတဲ့ ကိုယ်မလိုလားတဲ့၊ ခေါင်းဆောင်တွေဆိုရင် သူတို့နဲ့ မပူးပေါင်းဘူး။ သူတို့ ခိုင်းသမျှကို စိတ်မပါဘဲ ၀တ်ကျေတမ်းကျေလုပ်တယ်။ အရွဲ့ တိုက်တယ်။ ဒီဖြစ်ရပ်ကိုကြည့်လေ၊ မန္တလေးသူ၊ မန္တလေးသားတွေ အရွဲ့ တိုက်လိုက်ကြတာမှ ကျွန်ကို ဖြစ်သွားရော"
အမေက အဲလို စကားကြောရှည်နေတော့ မြေးတွေက အိပ်ပစ်လိုက်ကြသည်။
သူ့မြေးတွေကို ခြင်ကိုက်မှာစိုး၍ ယပ်တောင် တဖျပ်ဖျပ် ခပ်နေရှာတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော့ စိတ်ထဲတွင် ပို၍ ချစ်လာနေမိသည်။
တစ်နေ့ မနက်မှာတော့….
အမေ၏ မြေးတစ်သိုက် ထမင်းစားရင်း စကားများကြသည်။
"ဘွားဘွားကြီးက မတရာဘူး၊ အငယ်မ ချစ်ပေါက်ကိုတော့ ကြက်သားဟင်းကို ရင်အုပ်ထည့်ပေးတယ်၊ ချစ်တိုးကို ကျတော့ ပေါင်သားကျွေးတယ်။ မီးသားကိုကျတော့ ကြက်မြစ်ကြက်သည်း ကျွေးတယ်။ သားကိုကျတော့ ဖင်ပိုင်းနားက အသားကိုပဲကျွေးတယ်"
"ဟေ့ကောင် မင်းကတော်သေးတယ်၊ ငါ့ကျတော့ ရင်အုပ်နားက အရို့းပဲကျွေးတာ၊ ဘွားဘွားကြီးက မျက်နှာလိုက်တယ်"
အမေက စိတ်မဆိုးဘဲ သူ့မြေးများ၏ ပြဿနာကို ပြေလည်အောင် ၇ှင်းပေးနေရှာသည်။ ထို့နေ့က နေ့လည်စာကို "ကြက်သားရေချိုချက်" အမေက ချက်သည်။ အဝေမတည့်ကြ။
အမေက သူ့မြေးများကို အသားကျွေးသည်။ ကောင်းပေ့ ညွန့်ပေ့ ဆိုတာကို ကျွေးသည်။ အမေကတော့ ကြက်ခြေထောက်ရိုးကိုသာ စားသည်။ အမေ့တွင် သွားကောင်းကောင်းမရှိတော့ ။ သို့သော် ကြက်ခြေထောက်ရိုးကိုသာ ပျော်ပျော်ကြီးစားသည်။
နေ့ခင်းဖက်တွင် သူ၏မြေးများ တစ်ေ၇းတစ်မော အိပ်ကြသည်။ အမေနှင့် ကျွန်တော် စကားပြောဖြစ်သည်။
"အမေရယ်၊ အသက်လည်း ကြီးပါပြီ၊ ကြက်သားဟင်းချက်တာပဲ၊ ရင်အုပ်လေးပေါင်လေးစားပါ အမေရဲ့။ အားရှိအောင်လို့"
အမေက ဘာမှ ပြန်မဖြေဘဲ ပြုံး၍ နေရှာသည်။
"ကျွန်တောမှတ်မိသလောက်တော့ အမေရယ်၊ ကြက်သားဟင်းချက်တိုင်း အသားစားတာ မတွေ့ ဖူးဘူး၊ တောင်ပံရိုးပဲစားတယ်။ ခြေထောက်ရိုးဘဲ စားတယ်။ အရိုးနားကပ်နေတဲ့ အသားက ပိုပြီးချိုတယ်ဆိုလို့ ကျွန်တော်လည်း စားကြည့်ပါတယ် အမေရယ်၊ ချိုဖို့ နေနေသာသာ ဘာအသားမှ ကိုက်လို့၊ စားလို့ မရပါဘူး အမေရဲ့၊ "
အမေက ကျွန်တော့်ဦးခေါင်းကို ပုတ်လိုက်သည်။
"ဒီမယ်သားရဲ့ အမေက လူကြီးလေ၊ ဒီအိမ်မှာ အကြီးဆုံးလေ၊ အိမ်ရဲ့ ခေါင်းဆောင်လေ၊ ခေါင်းဆောင်ဆိုတာ အနစ်နာခံရတယ်ကွဲ့ "
အမေက စကားပြောရင်း အိမ်နံရံတွင် ချိတ်ထားသော ဗိုလ်ချုပ်အောင်ဆန်ုး၏ ဓါတ်ပုံကို လှမ်းပြီး ကြည့်လိုက်သည်။
"သားစဉ်းစားမိရဲ့လား။ ဗိုလ်ချုပ်အောင်ဆန်းကို အမေတို့ ဘာဖြစ်လို့ ချစ်တာလဲ၊ အနစ်နာခံလို့ မဟုတ်ဘူးလား သားရဲ့။ ဘယ်လောက်အထိများအနစ်နာခံခဲ့သလဲဆိုရင် လွတ်လပ်ရေးရဖို့ တရုတ်ပြည်လည်း သွားခဲ့တယ်၊ ဂျပန်ပြည်လည်း သွားခဲ့တယ်။ ပြန်လာတော့လည်း စစ်တိုက်ရတယ်။ ပြီးတော့ အ၀တ်အစားတောင် သုံးလေးထည်ပဲရှိတယ်လို့ အမေတို့ သိရတယ်။ တိုင်းပြည်ခေါင်းဆောင်သာ ပြောတာပါကွယ်၊ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ အစားအသောက်ကောင်းကောင်း သူ့မှာ နေမသွားရ၊ စီးမသွားရ၊ စားမသွားရရှာပါဘူး။ အခုဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာအုပ်တွေ အပြင်မှာ ဖတ်လို့ ရနေပြီပဲ။ သားလည်း သိမှာပါ"
အမေက စိတ်ပါလက်ပါဖြင့် ကျွန်တော့်ကို ပြောနေရှာသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ကျွန်တော် လှမ်းမှီသလောက် ဖတ်ရှုဖူးပါသည်။ ဗိုလ်ချုပ်၏ ရိုးသားမှု။ တည်ကြည်မှု၊ ပြတ်သားမှု၊ ရဲရင့်မှုတို့ကို ကျွန်တော် နှစ်သက်သည်၊ သဘောကျသည်။
"ဒီမယ်သားရဲ့၊ ဗိုလ်ချုပ်အောင်ဆန်း က ကျဆုံးသွားတယ်။ သူကျဆုံးသွားတဲ့ အချိန်မှာ သူ့မိသားစုအတွက် မြေတစ်ကွက် မထားခဲ့နိုင်ဘုး။ မိသားစုနောင်ေ၇းအတွက် ဘာလုပ်ငန်းမှလည်း ထူထောင်မပေးခဲ့ဘူး။ မြန်မာနိုင်ငံရဲ့ မြေစာရင်းဌာနမှာ ဗိုလ်ချုပ်အောင်ဆန်းနာမည်နဲ့ မြေဂရန် မရှိဘူး။ တိုက်တွေ၊ အိမ်တွေ၊ နန်းတော်တွေ၊ စိန်တွေ၊ ရွှေတွေဆိုတာ ဝေးရော။ ဗိုလ်ချုပ် ကျဆုံးသွားတော့ သူတို့ မိသားစုက ပန်းစိုက်ပြီး အသက်မွေးခဲ့ တယ်လို့ အမေ ဖတ်ဖူးတယ်။ ဗိုလ်ချုပ်က တိုင်းပြည်အတွက် တကယ်အနစ်နာခံခဲ့တဲ့ ပုဂ္ဂိုလ်ကွဲ့ ။ အဲဒီလို အနစ်နာခံခဲ့လို့ သူ့ကို ဒီကနေ့ အထိ လွမ်းပြီး ချစ်နေကြတာလေ။ ကြက်သားဟင်းလို ပြောရင် တို့ ဗိုလ်ချုပ်ဟာ ရင်အုပ်တွေ၊ ပေါင်တွေ စားဖို့ နေနေသာသာ ခြေထောက်ရိုး၊ တောင်ပံရိုးတောင် စားခွင့် ရမသွားရှုာပါဘူး သားရယ်"
အမေက ဆွေးဆွေးမြည့်မြည့် ကြီးပြောနေရှာသည်။
"မိခင် ဖခင်ဆိုတာ အိမ်ရဲ့ ခေါင်းဆောင်၊ ခေါင်းဆောင်ကောင်းဆိုတာ အနစ်နာခံရတယ်။ အခွင့်အရေး ရရင်တောင် မယူရဘူး။ ကိုယ်ချင်းစာတရား ထားရတယ်။ မေတ္တာနဲ့ လောကကြီးကို ဆက်ဆံရတယ်။
ဒီလိုပဲ ငါ့သား….ခေါင်းဆောင်ကောင်းဆိုတာ
ငွေကြေးချမ်းသာဖို့ထက် ဂုဏ်သိက္ခာချမ်းသာဖို့က ပိုအရေးကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ အုတ်ရိုးနဲ့ တည်ဆောက်ထားတဲ့ နန်းတော်ကြီးပိုင်ဆိုင်ဖို့ထက် ပြည်သူ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ နန်းတော်ကြီး ပိုင်ဆိုင်ဖို့ ပိုပြီး အေ၇းကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ စိန်တွေ၊ ရွှေတွေ စီခြယ်ထားတဲ့ သရဖူကို ဦးခေါင်းမှာ ဆင်မြန်းဖို့ထက် အကျင့်သီလ သန့်စင်ခြင်းဆိုတဲ့ ခေါင်းပေါင်းကိုသာ ဦးခေါင်းမှာ ဆင်မြန်းဖို့ ပိုပြီး အေ၇းကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ ကိုယ်မွေးထားတဲ့ သားသမီးတွေက ကိုယ့်ကိုချစ်ဖို့ထက် တိုင်းသူပြည်သားတွေက ကိုယ့်ကိုချစ်ဖို့ ပိုပြီး အရေးကြီးတယ်။
ဒီတော့ သားရယ်…
ခေါင်းဆောင်ကောင်းဆိုတာ စားရကံကြုံခဲ့ရင်လည်း အရိုးအရင်းပဲ စားရတယ်ကွဲ့။ ရင်အုပ်တွေ၊ ပေါင်တွေစားနေပြီး ခေါင်းဆောင်ကောင်းဖြစ်ချင်လို့ ဘယ်ရမလဲကွယ်၊ သားပဲ စဉ်းစားကြည့်ပါ၊"
အမေက အိပ်မောကျနေသော သူ၏မြေးများကို ယပ်တောင်ခတ်ပေးနေရှာသည်။ ထိုနေ့က မီးမလာပါ။ အမေပြောသည့် "ကြက်ရိုးဒဿန" သည် တကယ်တော့ ရိုးရိုးလေးပါ။ အရိုးစားတိုင်း အရိုးမစူးကြပါ။
အသားစားပြီး အရိုးစူးနေကြတဲ့ သူတွေ ကျွန်တော်တို့ ခေတ်သမိုင်းမှာ အများကြီး ပါလားလို့ တွေးနေမိသည်။
သြော်…
ခေါင်းဆောင်ကောင်းဆိုတာ အရိုးစားပေမယ့် အရိုးမစူးကြပါလားဗျာ။ဦးဘုန်း (ဓါတု)
" သတိပဋ္ဌာန်ပွားများ အားထုတ်ခြင်းအကျိုး ၇-ပါး "
~~~~~~~~~~~~~~~~~~~~~~~~~~~~
၁- လောဘ၊ ဒေါသ၊ မောဟ(ကိလေသာ)
အညစ်အကြေးတို့မှ စင်ကြယ်စေနိုင်ခြင်း။
၂- စိုးရိမ်ပူဆွေးခြင်း (သောက)ကို လွန်မြောက်
ပယ်ခွာစေနိုင်ခြင်း၊
၃- ငိုကြွေးမြည်တမ်းခြင်း (ပရိဒေ၀)ကို လွန်မြောက်
ပယ်ခွာစေနိုင်ခြင်း။
၎- ကိုယ်ဆင်းရဲခြင်းကို (ဒုက္ခ)ကို ချုပ်ငြိမ်းစေနိုင်ခြင်း၊
၅- စိတ်ဆင်းရဲခြင်း(ဒေါမနဿ)ကို ချုပ်ငြိမ်းစေနိုင်ခြင်း။
၆- လောကုတ္တာ အရိယာမဂ်ကို ရရှိစေနိုင်ခြင်း။
၇- ဆင်းရဲခပ်သိမ်း ကင်းငြိမ်ရာဖြစ်သော နိဗ္ဗာန်သို့
ဆိုက်ရောက် မျက်မှောက်ပြုစေနိုင်ခြင်း။
~ မြတ်ဗုဒ္ဓ ~
( မဟာသတိပဋ္ဌာသုတ်မှ )
ဤသတိပဋ္ဌာန် ၀ိပဿနာကျင့်စဉ်သည် နိဗ္ဗာန်ရောက်ရေး
အတွက် တစ်ကြောင်း တည်းသော ခရီး တစ်ခုတည်းသော
လမ်းစဉ်အမှန်ဖြစ်၏၊ နိဗ္ဗာန်ကြွသွား ဘုရားရဟန္တာ အရိယာ
အရှင်မြတ်မှန်သမျှတို့သည် ဤသတိပဋ္ဌာန်ကျင့်စဉ်လမ်းဖြင့်သာ
ဝိပဿနာ ကျင့်တော်မူကြ၏၊ သတိပဋ္ဌာန်နှင့်လွတ်သော
ဝိပဿနာ မည်သည်မရှိ၊ ထို့ကြောင့် ပါဠိတော်၌
" ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ " ဟု မိန့်ဆိုတော်မူ၏၊
ပရဟိတဆိုတာ ကိုယ်နာမည်ရဖို့ ၊ ကိုယ့်အဖွဲ့နာမည်ရဖို့ ၊ လူသိများဖို့ ၊
လာလှူတဲ့သူများဖို့ ပရဟိတလုပ်ခြင်း မဖြစ်သင့်ပါ ။
ပရဟိတဆိုတာ ကိုယ့်အတွက်လုပ်တာမဟုတ်ဘဲ သူတပါးအဆင်ပြေဖို့ ၊ သူတပါးကို
ပေးခြင်းသက်သက်ပါ ။
ထိုသို့ ပေးခြင်းဟာ ပေးဆပ်ခြင်းပါလို့ အော်နေဖို့မဟုတ်သလို ဘယ်သူတွေက
ဘာပြန်ပေးကြမလဲလို့ မျှော်နေဖို့မဟုတ်ပါ ။
ပရဟိတကို ပရဟိတနဲ့ တူအောင် ကိုယ့်အကျိုးမထုတ်ဘဲ လုပ်နိုင်ကြပါစေ ။
လောကထဲမှာ မြတ်ဗုဒ္ဓသာ အမြင့်မြတ်ဆုံး ပရဟိတစွမ်းအားရှင် ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓလောက် ကြီးကျယ်ပြောင်မြောက် ထိရောက်အောင်
ပရဟိတစွမ်းဆောင်ပေးနိုင်သူ ဘယ်သူမှ မရှိပါဘူး။ မြတ်ဗုဒ္ဓဟာ အကြီးမားဆုံး
အမြင့်မြတ်ဆုံး အတိကျဆုံး အပြည့်ဝဆုံး အသေချာဆုံး ပရဟိတစွမ်းဆာင်ရှင်ပါ။
ပရဟိတစိတ်နဲ့ပဲ ခက်ခဲတဲ့ပါရမီတွေ ဖြည့်ခဲ့တယ်။ ပရဟိတစိတ်ကြောင့်ပဲ
ဘုရားဖြစ်ခဲ့တာပါ။ အတ္တဟိတ သက်သက်သာဆိုရင် ဘုရားဖြစ်အောင်
ကျင့်နေဖို့တောင် မလိုတော့ဘူး။ သုမေဓာ ရှင်ရသေ့ဘ၀က သာဝကပါရမီ
ပြည့်နေပြီပဲ၊ ဆက်အားထုတ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရောက်ဖို့
သေချာနေပါပြီ။ ပရဟိတစိတ်ကြောင့်သာ အသက်စည်းစိမ်များစွာ
စွန့်လွှတ်အနစ်နာခံပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းမှုတွေကို
ဖြည့်ကျင့်ခဲ့တာ ဖြစ်တယ်။
ပရဟိတဆိုတာ ပေးဖို့သက်သက်ပါ။ လှူတဲ့အခါ သီလရှိသူတွေ ရွေးချယ်ကြတာက
ကိုယ့်အတွက်ငဲ့လိုပါ။ ပရဟိတကျတော့ အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊
ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့ အကျိုးအတွက်ပါ။
သူတို့ဆီက ဘာတခုမှလဲ မျှော်လင့်ချက် မထားပါဘူး။ ကိုယ့်ကြောင့် သူ
ချမ်းသာသွားရင် ပြီးတာပဲ။
ကမ္ဘာမှာ ကြက်ခြေနီ၊ လခြမ်းနီ စတဲ့ လူမှုရေးအဖွဲ့အစည်းတွေဟာ သူ့အတွက်
ကိုယ်က အနာခံပေးရတဲ့ အဖွဲ့တွေပဲ။ ကူညီခံရသူတွေထံက
တုံ့ပြန်ကျေးဇူးဆပ်မှုကို ဘာတခုမှ မမျှော်လင့် မတောင့်တကြပါဘူး။
ပရဟိတစေတနာရှင်ဟာ ကိုယ့်ကျေးဇူးကို သိလို့ တုံ့ပြန်မှုကို
လုံးဝမျှော်လင့်စရာ မလိုပါဘူး။ ပရဟိတစေတနာ ရှင်ဟာ ဒုက္ခလွတ်ပါစေဆိုတဲ့
ကရုဏာ၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာနဲ့ပဲ ကူညီတတ်တယ်။ ပေးကမ်းတတ်တယ်။
ထောက်ပံ့တတ်တယ်။ မေတ္တာ ကရုဏာ အရင်းခံတဲ့ မြင့်မြတ်တဲ့စေတနာနဲ့ပဲ
ဆောင်ရွက်ပေးပါတယ်။
သူ့ဒုက္ခလွတ်စေချင်လို့ ကူညီတာက ကရုဏာ၊
သူချမ်းသာစေချင်လို့ ကူညီတာက မေတ္တာ၊
သူချမ်းသာသွားပြီလို့ ကြားရတာက မုဒိတာ။
တကယ်တော့ ပရဟိတဆိုတာ လောဘကို တိုက်ရိုက် ဖြိုဖျက်ရတဲ့အလုပ် ဖြစ်ပါတယ်။
မေတ္တာ၊ ကရုဏာနဲ့ ဆောင်ရွက်တာဖြစ်လို့ ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေရတဲ့
အလုပ်ဖြစ်တယ်။ အသိတရား ဦးဆောင်ပြီး လုပ်လိုက်တော့ မောဟကိုပါ
သန့်စင်ခွင့် ရလိုက်ပြန်တယ်။ ဒီလိုဆိုတော့ လောဘ၊ ဒေါသ၊ မောဟကို
အနိုင်ယူရတဲ့ အလုပ်ဖြစ်ပါပဲလား။ ဒါကြောင့် မြင့်မြတ်တဲ့အလုပ် ဖြစ်ရတာပါ။
လောကထဲမှာ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေတဲ့ လောဘ၊ ဒေါသ၊ မောဟ
အပူငွေ့တွေကို ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်တဲ့စိတ်ထားနဲ့
ဆောင်ရွက်နေရတာဖြစ်လို့ စဉ်းစားလိုက်ရင်ာ အလွန်ကြည်နူးစရာကောင်းတဲ့
အလုပ်ပါ။
(တိပိဋကဓရ ယော-ဆရာတော်)
Read More »

အသင်းဖြစ်ပေါ်လာပုံ
မှော်မြို့သား
0
comments
ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် မိမိတို့တက်နိုင်သည့်ဘက်မှ ပရဟိတလုပ်ငန်း များကို လုပ်ကိုက်လျှက်ရှိကြပါသည်။ ထိုပရဟိတလုပ်ငန်းဆောင်ရွက်ရာတွင်လူအများစု ဖြင့်လည်းကောင်း၊ အနည်းစုဖြင့်လည်းကောင်း ဆောင်ရွက်လုပ်ကိုင် လျှက်ရှိရာတွင် ကျွန်တော်တို့ “ရွှေပဒုမ္မာ”ပရဟိတအဖွဲ့လည်းအပါအ၀င်ဖြစ်ပါသည်။ “ပရဟိတ”ဆိုတာကတော့ အများရဲ့အကျိုးစီးပွားကိုဆိုလိုပါတယ် (ပရ-အများ ဟိတ-အကျိုးစီးပွား)ကိုဆိုတာကို သိထားပြီးသာလို့ထင်ပါတယ်။ ကျွန်တော်သည် “ပရဟိတ”ဆိုသောဝေါဟာရကို လူလာမြောက်လာသည့် အရွယ်မှစ၍ ကြားဖူးသောလည်း ထိထိရောက်ရောက်မလုပ်ဆောင်ခဲ့ပါ (အတ္တဟိတ)
Read More »
ကိုယ်ကျိုးစီးပွားဖြင့်ပင် အချိန်တွေကုန်ဆုံးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ တွင် ဦးအေးမောင်(က.ည.န)ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်သူကဦးဆောင်၍ လူ(၉)ဦးခန့်နဲ့သာ တနင်္ဂနွေနေ့တိုင်း နေတစ်ဝက်ဖြင့်တစ်ပတ်ကို ဘုရားတစ်ဆူ (စေတီတစ်ဆူ)သောလည်းကောင်း၊
ဓမ္မရိပ်သာများသို့လည်းကောင်း လှည့်လည်၍ ကိုယ်စရိတ်ကိုယ်စားအစီအစဉ်ဖြင့် သုံးလခန့်နီးပါး ကာယကုသိုလ်ဖြင့်ဆောင်ရွက်ခဲ့ ကြပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဂေါပကအဖွဲ့ဝင်လူကြီးများ၏ စစ်ဆေးမေးမြန်းချက်များကို အဆင် ပြေစေခြင်းအကျိုးငှာ ကျွန်တော်ကိုသန်းထဋ်မှ “ရွှေပဒုမ္မာ”ပရဟိတအဖွဲ့ဟု အမည် နာမရွှေးချယ်၍ ၂၀၀၈ ခုနှစ်၊ မေလပိုင်း မေတ္တာအေးဆရာတော်ဥူးသုဇာတအား ဖိတ်ကြားပြီး ဆိုင်ဘုတ်တင်အလှူတော်မင်္ဂလာအခမ်းအနားဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ ပါသည်။ ဆရာတော်ဘုရားများ၏
သွန်သင်ဆုံးမှုအောက်တွင်လည်းကောင်း၊ နာယကကြီးများ၊ ဥက္ကဌဦးမြင့်သောင်း(အသင်းကြီးအားအဓိကပံ့ပိုးကူညီသူ)တို့၏ လမ်းညွန်မှုတို့ကိုလိုက်နာ၍ အမျိုးဘာသာသာသနာအတွက် ရည်ရွယ်ချက်ကြီးမား ခြင်း၊ နာရေးကူညီမှုဆောင်ရွက်ပေးခြင်း (ကုလားဖျင်ထိုးပေးခြင်း၊ လျှပ်စစ်မီးထွန်း ပေးခြင်း၊ ဘော်ဒီရွှေ့ပေးခြင်း)များ
လိုအပ်သလိုကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ထိုအပြင် ၀ါတွင်းဝါပဆွမ်းလောင်းခြင်း၊ လမ်းမီးများတပ်ဆင်ခြင်း၊ မြက်ရှင်းခြင်း၊ ရေနုတ်မြောင်းများဆည်ပေးခြင်း၊ ဘုရားရောင်တော်ဖွင့်ခြင်း၊
စေတီတော်များတွင် သန့်ရှင်းရေးများဆောင်ရွက်ခြင်းတို့နှင့် အတူ စာသင်ကျောင်းများ၊ သက်ကြီးရွယ်အို အိမ်များ၊ ဆင်းရဲချို့တဲ့သူများကို ကူညီထောက်ပံ့၍ ရပ်ကွက်အတွင်းစွန့်ပစ်အမှိုက် များကို တစ်လလျင်
ဆယ့်နှစ်ရက်နှုန်းဖြင့် သိမ်းဆည်းပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိသည့်အပြင် ရပ်ကွက်စာကြည့်တိုက်ကိုလည်း တည်ထောင်လျှက် ရှိပါသည်။ ကျွန်တော်တို့ “ရွှေပဒုမ္မာ”အသင်းသား/အသင်းသူများသည် အမျိုးဘာသာ သာသနာအတွက် ပရဟိတအကျိုးတို့ကို ရည်ရွယ်၍ ဆက်လက်ဆောင်ရွက်သွားရန် စိတ်အားထက်သန်လျှက်ရှိကြပါသည်။
ဦးသန်းထဋ်
အတွင်းရေးမှူး
ရွှေပဒုမ္မာပရဟိတအဖွဲ့